မုဒုံမြို့၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်

မုဒုံ စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ကျေးရွာလူနေမှုဘဝများ တိုးတက်လာစေရန်၊ ရေရှည်ဖွံ့ဖြိုး တိုးတက်သော အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြကျေးရွာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါ ဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဗညားက ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားရာတွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းကို မိမိတို့ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ဒေသ သောက်သုံးရေရရှိရေး၊ မီးရရှိရေးတို့ကို မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဝင်ကျေးရွာများအနက် ကျေးရွာစုစုပေါင်း ၁၂ ရွာ ဆောင်ရွက်ရန်လျာထားကြောင်း၊ အဆိုပါကျေးရွာများတွင် စီမံကိန်းဆိုင်ရာ အချက်အလက်များ ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်များကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးနှင့် သင်တန်းနည်းပြများက ကျေးရွာ ၁ ၂ ရွာမှ သင်တန်းသား ၂၄ ဦးတို့ကို အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကို တစ်ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)