ကျောက်ဖြူ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းအတွင်းတွင် ခိုလှုံလျက်ရှိသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စာအုပ်စာပေများ လေ့လာ ဖတ်ရှုပြီး အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိ လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့ သွားရောက်ပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် ဦးဆောင်သည့်ဝန်ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း စသည့်စာအုပ် ပေါင်း ၃၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ၎င်း IDPs စခန်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများမှ စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ ကြသည်။
“ကျွန်တော်တို့ ဒီ IDPs Camp ကိုရောက်တာကြာပါပြီဗျ၊ တစ်ခါမှဒီလိုမျိုး Mobile Library နဲ့ လာရောက်ပြီးတော့ ငှားရမ်းပေးခဲ့တာမျိုး မရှိပါဘူးခင်ဗျ၊ ပြန်/ဆက်ဌာနအနေနဲ့ခုလို လာရောက် ငှားရမ်း ပေးတဲ့အတွက် ကျွန်တော့်အနေနဲ့ အတိုင်းမသိဝမ်းသာပါတယ်၊ ဂုဏ်လည်းယူတယ်ခင်ဗျ၊ ဒီမှာနေတဲ့ ကလေးတွေက စာအုပ်၊စာပေတွေနဲ့ဝေးနေကြတာကြာပြီလေ၊ ခုလိုလာရောက်ငှားရမ်း ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်၊ နောက်နောင်တွေလည်းခုလိုဘဲ လာရောက် ငှားရမ်းပေးစေ လိုပါတယ်” ဟု ၎င်းစခန်းမှ တာဝန်ခံကျောင်းအုပ် ဆရာဦးနေထွန်းလင်းက ပြောသည်။
ယင်းနောက် စာအုပ်၊ စာပေလာရောက်ငှားရမ်းသူ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသော မယမင်းသူနှင့် မခင်နှင်းဝင်းတို့က “သမီးတို့က စာအုပ်၊ စာပေဖတ်ရတာကို ဝါသနာပါသူတွေ ဖြစ်ပါတယ်၊ စာပေဖတ်ရှုခြင်းက ကောင်းတဲ့အလေ့အကျင့်ဖြစ်တယ်လို့ သမီးတို့သိထားပါတယ်၊ အခုငှားပေးတဲ့ စာအုပ်တွေထဲမှာ သမီးတို့ကြိုက်တဲ့ စာရေးဆရာတွေနဲ့ စာအုပ်တွေပါပါတယ်၊ ခုလိုလာရောက်ငှားရမ်း ပေးတဲ့အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုလည်း အထူးဘဲကျေးဇူးတင်ပါတယ်၊ နောက်လည်းခုလိုမျိုး လာရောက်ငှားရမ်းပေးဖို့ သမီးအနေနဲ့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါခိုလှုံရာစခန်းတွင် ခိုလှုံနေပြည်သူ ၁,၀၀၈ ဦးနေထိုင်လျက်ရှိပြီး စာအုပ်၊ စာပေဖတ်ရှုရန် အတွက် စာအုပ်လာရောက် ငှားရမ်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်သန့်ဆေးရေများဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှ ပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ငှားရမ်း ပေးခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်ကြယ်(ပြန်/ဆက်)