မုဒုံ-ပမ္မတီး-နမ်ရှယ်ကော့ ပူတာအိုလွင်ပြင် ပတ်လမ်းအရှည်တစ်မိုင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီး

ပူတာအို စက်တင်ဘာ ၂၅

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာခွင့်ပြုရန်ပုံငွေဖြင့် မုဒုံ-ပမ္မတီး-နမ်ရှယ်ကော့လမ်းအပိုင်း ပူတာအိုလွင်ပြင်ပတ်လမ်း၏ လမ်းပိုင်းတစ်ခု ဖြစ်သည့် လမ်းအရှည်တစ်မိုင်အား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို တင်ဒါအောင်မြင်ခဲ့သည့် ပူတာအိုနန်း တော်ဆောက်လုပ်ရေး ကုပ္မဏီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ပူတာအိုခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပူတာအို-မုဒုံ-နမ်ရှယ်ကော့လမ်းပိုင်းသည် မိုင်အရှည်(၁၁)မိုင်ရှိသည့် အနက် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် လမ်းအရှည်သုံးမိုင်လေးဖာလုံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပေ(၄၀)ရှိ သံကူကွန်ကရစ်တံတားတစ်စင်း၊ ပေ (၅၀)ရှိ သံကူကွန်ကရစ်တံတား တစ်စင်းနှင့် ပေ(၆၀)ရှိ သံကူကွန်ကရစ်တံတား တစ်စင်းတို့ကို ဆောက်လုပ် ပြီးစီးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၄၆၃ ဒသမ ၃၆) သန်းဖြင့် မုဒုံ-ပမ္မတီး-နမ်ရှယ်ကော့လမ်းပိုင်းမှ လမ်းအရှည်တစ်မိုင် ကွန်ကရစ်လမ်းခင်းခြင်းကို ဇန်နဝါရီ (၁၅)ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ(၁၅)ရက်တွင် လုပ်ငန်းရာနှုန်းပြည့်ပြီးစီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူတာအိုလွင်ပြင်ပတ်လမ်းပိုင်း တစ်ခုဖြစ်သည့် မုဒုံ-ပမ္မတီး-နမ်ရှယ်ကော့လမ်းပိုင်းရှိ မုဒုံကျေးရွာ-နမ့်ပလပ်ချောင်းတံတားနှင့် ပမ္မတီးကျေးရွာကြားလမ်းပိုင်းသည် ယခင်ကနှစ်စဉ်နှစ်တိုင်း မိုးရာသီကာလတွင် ရေလွှမ်းမိုးမှုကြောင့် ပမ္မတီးကျေးရွာအုပ်စုမှ ပြည်သူများ သည် စက်လှေဖြင့် တစ်ဆင့်သွားလာနေကြရာမှ ယခုအခါ အဆိုပါနေရာအား လမ်းတာဘောင်တင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါသဖြင့် အခက်အခဲမရှိ သွားလာနိုင်ပြီဖြစ်ပြီး ပူတာအို-မုဒုံ-နမ်ရှယ်ကော့ ပူတာအိုလွင်ပြင်ပတ်လမ်းမှ ကွန်ကရစ် လမ်းခင်းရန် ကျန်ရှိသည့် လမ်းအပိုင်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းနိုင်ရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)