သာစည် စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စုများအလိုက် ထပ်မံတိုးချဲ့၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်မည့် အစီအစဉ်နှင့် ပါတ်သတ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးမျိုးသက်ကျော်က သာစည်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေတဲ့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတွေမှာ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်၊ ထိုးနှံပေးမည့် အုပ်စုတွေကတော့ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် နိုင်ငံဝန်ထမ်းများ၊ ဈေးရောင်းချသူများ၊ အလုပ်ဌာနများမှ ကျန်ရှိနေတဲ့ အလုပ်သမားများနှင့်(ဒုတိယအကြိမ်) ထိုးနှံရမည့်သူများ၊ အသက် ၅၅ နှစ်အထက် ပြည်သူများ ၈၇၂၆ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမှာပါ၊ ဆက်လက်ပြီးလည်း မြို့နယ်အတွင်း ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေတဲ့သူများကိုလည်း ထပ်မံတိုးချဲ့၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးသွားမှာပါ၊ သာစည်မြို့နယ်အနေဖြင့် ပထမအကြိမ် ကာကွယ်ဆေးထိုး နှံထားရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လာရောက် ထိုးနှံထားခြင်း မရှိသေးတဲ့ ပြည်သူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ယခု ကာကွယ်ဆေးထိုးနှံပေးမည့် အုပ်စုများတွင် ပါ၀င်သည့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြည်သူများအား စက်တင်ဘာ ၂၅ ရက်နေ့မှ အောက်တိုဘာ ၁ရက်နေ့အထိ မြို့နယ်စည်ပင်ခန်းမ ဆေးထိုးစုရပ်၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု ဆေးထိုးစုရပ်များတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝန်ထမ်းများက စတင်ထိုးနှံပေးသွားမည် ဖြစ်ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်