သထုံမြို့နယ်တွင် ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး

သထုံ စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့ နံနက် ၉ နာရီက စတင်ပြီး ဆေးထိုး စုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များဖြစ်သည့် လိပ်အင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးခန်းမ၊ သုဝဏ္ဏဝတီမြို့၊ အထက(ကျိုက္ကော်)ရွှေရတုခန်းမ၊ ကတိုက်ကလေးကျေးရွာ အထက(ခွဲ)ကျောင်းနှင့် လေးတိုင်ကျေးရွာ အမကကျောင်းတို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း (Volunteer)များက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက် ၅၅ နှစ်မှ ၆၄ အတွင်းရှိသူများ၊ မသန်စွမ်း သူများ အပါအဝင် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ ဆေးထိုးစုရပ်များခွဲ၍ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဒေသခံပြည်သူ စုစုပေါင်း ၂၄၃၂၁ ဦး လာရောက်ထိုးနှံခဲ့ကြပြီး ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုဦး (ခရိုင်ပြန်/ဆက်)