မိုင်းပျဉ်း စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီး ဌာနသည် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအတွက် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စုမှ ကျေးရွာပေါင်း(၁၃) ရွာသို့ ဇူလိုင် ၂ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဘက်ပေါင်းစုံစိုက်ပျိုးရေး နည်းပညာများအား အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေး၍ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာအတွက် ဆန်းစစ်အမှတ် ပေးခြင်းအား ဆောင်ရွက်ခဲ့ရာ ကျေးရွာ(၁၃)ရွာအနက် ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာအား စံပြကျေးရွာအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အစိမ်းရောင်ကျေးလက်ဒေသဖွံဖြိုးရေးစီမံကိန်းစံပြကျေးရွာအဖြစ်ရွေးချယ်ရာတွင် စံပြကျေးရွာ၌ ရှိရမည့် အင်္ဂါရပ်များဖြစ်သော ကျေးရွာအတွင်းမီးရရှိမှု၊ ယင်လုံအိမ်သာသုံးစွဲမှု၊ စာသင်ကျောင်း၊ သောက်သုံး ရေကန်၊ ရေနုတ်မြောင်းနှင့် ကျေးရွာအတွင်းလမ်းရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မှု၊ စွန့်ပစ်အမှိုက်များစနစ်တကျစွန့်ပစ်မှုရှိ/မရှိတို့ကို ကျေးရွာအရောက် ကွင်းဆင်း၍ စိစစ်ရွေးချယ်ခြင်းဖြစ် ကြောင်းသိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)