မြစ်သား၌ ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး သင်တန်း ဆင်း

မြစ်သား စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကျေးလက်နေပြည်သူများ၏ ခေါင်းဆောင်မှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို ပိုမိုသိရှိပြီး လိုက်နာဆောင်ရွက် နိုင်ရေးအတွက် ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိရာ ကျေးရွာပေါင်း ၁၅ ရွာ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ စက်တင်ဘာ၂၀ ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားပေး ခဲ့ခြင်းဖြစ် ပြီးအစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကို မြစ်သားမြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  ကျေးလက်ဒေသ သောက်သုံးရေရရှိရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်း၊  မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဝင် ကျေးရွာ စုစုပေါင်း ၁၅ ရွာမှ သင်တန်းသား/သင်တန်းသူ (၄၅)ဦးကို ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသိပညာများကို စနစ်တကျ လေ့ကျင့်သင်ကြား ပို့ချပေးနိုင်ခဲ့သည်။

သင်တန်းဖွင့်လှစ်ပြီးစီးသည့် ကျေးရွာ ၁၅ ရွာတွင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များကို စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်း၊ ဆန်းစစ် အမှတ်ပေးမှုများ ပြုလုပ်ခြင်းနှင့် စံပြကျေးရွာ ရွေးချယ်ခြင်းတို့ကိုလည်း ဆက်လက်စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)