ပင်လောင်းမြို့နယ်တွင် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးနှင့် ၅ ရက် တစ်စျေးများအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်

ပင်လောင်း စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းလာ ပြီဖြစ်သဖြင့် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးနှင့် (၅)ရက် တစ်စျေး များဖြစ်သော ပင်ခွန်စျေး၊ နောင်ဝိုးစျေး၊ ဆောင်းပြောင်း စျေး၊ ထီယွန်းစျေးတို့အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စက်တင်ဘာ၂၅ ရက်မှ စတင်ဖွင့်လှစ် ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ပင်လောင်းမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၄.၉.၂၀၂၁ ရက်စွဲဖြင့် ကြော်ငြာစာအမှတ် ၉/၂၀၂၁ အရ အခြေခံစားကုန်များ ဖြစ်သော ပျံကျစျေးသည်များ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် ဆေးဝါး ဆိုင်များအား ဖွင့်လှစ်ရောင်းချသွားရန်၊ စျေးကို နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဖွင့်လှစ် ရောင်းချရန်၊ ကျန်ရှိသော အခြားသောဆိုင်များ (ဥပမာ- အထည်ဆိုင်များ၊ အိုးခွက် ပန်းကန်ဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းဆိုင်များ၊ စိုက်ပျိုးရေးသုံးပစ္စည်းဆိုင်များ၊ အလှကုန်ဆိုင်၊ ဖိနပ်ဆိုင်များ၊ mobile phone ဆိုင်များ) ယာယီပိတ်ထားရန်၊ Stay at Home မြို့နယ်များနှင့်အခြားရပ်ဝေးမြို့နယ်များမှ စျေးသည်များအား စျေးရောင်းချခြင်း မပြုရန် စသည့်စည်းကမ်းချက်များအား လိုက်နာရန် ပျက်ကွက်ပါ က စျေးရောင်းချခွင့် ပိတ်သွားမည်ဖြစ်ကြောင်းနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ပင်လောင်းမြို့မစျေးရှိ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးရောင်းချမည့် နေရာများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ပိုးသတ်ဆေးများကို စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ အဖြူရောင် လူငယ်ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)