မိုးနဲ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလိုင်နှင့်ဝန်ထမ်းများသည် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော "ပန်းခင်း စီမံချက်”အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အတွက်အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့မဈေး၊ မိုးနဲ-လင်းခေးလမ်းမနှင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် နိုင်ငံသားများအား ဥပဒေနှင့်အိမ်ထောင်စုလူဦးရေ စာရင်း၊ ကိုင်ဆောင်သင့် သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးလုပ်ငန်းလမ်းညွှန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင် ဆောင်သူများ လိုက်နာရမည့်အချက်များ၊နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင်ပူးတွဲတင်ပြရ မည့်အထောက်အထားများ၊ အိမ်ထောင်စု လူဦးရေးစာရင်း လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ၊ ရွှေ့ပြောင်းနေထိုင်သူများ မူလဒေသလက်ရှိဒေသတွင် အိမ်ထောင်စုစာရင်း/ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ရမည့်အချက်များ၊ နေထိုင်မှုပုံစံများအလိုက်ဆောင်ရွက်ပေးရမည့် အမျိုးအစားများ၊ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ ဆောင်ရွက်ရမည့်အချက်များ၊ လက်ရှိဒေသ တွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ/ကိုင်ဆောင်လက်မှတ်မရှိသူများဆောင်ရွက် ရမည့်အချက်များ၊ ရွှေ့ပြောင်းနေထိုင်သူများ မူလဒေသအိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများ ဆောင်ရွက်ရမည့်အချက်များပါဝင်သည့်လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှုရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ်အရောက် ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိမိုးနဲမြို့နယ်နယ်တွင်း ပြည်သူစုစုပေါင်း ၇၉၆ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)