တောင်ဥက္ကလာပမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များကို‌ ဈေးကားများဖြင့် လှည့်လည်ရောင်းချ

တောင်ဥက္ကလာပ စက်တင်ဘာ ၂၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိက စားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥ စားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်၊‌ သံသုမာလမ်း၊ မြင်သာသာ‌ဈေးရှေ့နေရာတွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ အစီအစဉ်ဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ဝန်ထမ်းများ ပူးပေါင်း၍ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါစျေးရောင်းချရာတွင် ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း (၅)ပြည်တစ်အိတ်လျှင် (၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဆန်‌ချော(၅)ပြည့် တစ်အိတ်လျှင် ၈၅၀၀ ကျပ် ဖြင့်လည်းကောင်း၊ ဆီတစ်ဘူးလျှင်(၁၈၅၀)ကျပ်နှင့် ကြက်ဥ(၁၀)လုံးတစ်ကဒ်လျှင် (၁၂၀၀)ကျပ် စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)