ရန်ကုန် စက်တင်ဘာ ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ အ.မ.က(၃)မူလွန်ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြ သူများကို ကျန်းမာရေးဝန်ထမ်း များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်း များက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စု များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ(၂၃)ရက်နေ့အထိ အသက် ၅၅နှစ်နှင့်အထက် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံသူ ပေါင်း(၃၁၇၉)ဦးရှိကြောင်း သိရသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဗဟန်းမြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ စတင်ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေးတာဝန် ထမ်းဆောင်သူများနှင့် လူမှုဖုံလုံရေးအဖွဲ့ဝင်ထား သည့် အလုပ်သမား (Supermarket)ဝန်ထမ်းများကို ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူပေါင်း (၆၅၂)ဦးရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် ရပ်ကွက်အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ကျိုက်က္ကဆံအလယ်၊ ရွှေဂုံတိုင်ရပ်ကွက် ကိုလည်းကောင်း၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ငါးထပ်ကြီးတောင်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်ကိုလည်းကောင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသူ များအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)