စစ်တွေ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း (IDPs) များတွင် ခိုလှုံနေကြသည့် ပြည်သူများ၊ ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများ၊ ငါးဖမ်း စက်လှေပိုင်ရှင်များ၊ ငါးဖမ်းစက်လှေများတွင် လုပ်ဆောင်နေကြသည့် ရေလုပ်သားများ အား ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘုမေကျေးရွာအုပ်စု ဒါးပိုင် နယ်မြေရဲကင်း စခန်း၌ စစ်ဆေး လျက်ရှိသည်။
ထိုသို့ ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်တွေ တပ်နယ်မှ တပ်မတော် ဆေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ အခမဲ့စစ်ဆေးပေး နေခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါရှိမရှိ (RTD testkid )ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက လူဦးရေ ၁၂၅ ဦးကို စစ်ဆေးရာ ပိုးတွေ့ရှိမှု မရှိကြောင်း သိရသည်။
အလားတူ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းများကို စစ်တွေမြို့သို့ အမြန်ရေယာဉ် များဖြင့် ဝင်ရောက်လာသူများအား ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်း၌ စစ်ဆေး လျက်ရှိပြီး စစ်တွေလေဆိပ်တွင် စစ်တွေမြို့မှ စစ်တွေ - သံတွဲ - ရန်ကုန်ခရီးစဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များ၊ စစ်တွေ- ရန်ကုန် ခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များနှင့် ရန်ကုန်-စစ်တွေခရီးစဉ်တွင် လိုက်ပါလာသော ခရီးသည်များအား ကိုဗစ်ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးနေစဉ် ကိုဗစ်ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ပြီး ဆေးကုသပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးညွှန်ကြားချက်များနှင့်အညီဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)