ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း ကျောက်မဲခရိုင်အတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

လားရှိုး       စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ကျောက်မဲမြို့ပေါ်၌  Clean & Green Cities  ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် ကတ္တရာလမ်းခင်းခြင်း၊ ရေမြောင်းတူးဖေါ်ခြင်း၊ ပလက်ဖောင်းတည်‌ဆောက်ခြင်းနှင့် မြို့အဝင်မုခ်ဦး တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးတို့ကလုပ်ငန်းများနှင့် ပတ်သက် ၍ရှင်းလင်း ပြောကြားရာတွင် Clean & Green Cities ရန်ပုံငွေကျပ် ၄၈၀ သန်းဖြင့် စပ်စံထွန်းလမ်း အရှည် ၁၈၉၂ ပေရှိ ရေမြောင်း နှင့် ပ‌လက်ဖေါင်း ပြုလုပ်ခြင်း၊ စပ်စံထွန်းလမ်းအရှည် ၂၈၄ ပေ× လမ်းအကျယ် ၄၀ ပေရှိ ကတ္တရာလမ်းခင်းခြင်း၊ မြို့အဝင် မုခ်ဦးတည်ဆောက်ခြင်း၊ အောင်ဆန်းလမ်း အရှည် ၃၅၀၀ ပေရှိ  ကွန်ကရစ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများကို  တင်ဒါအောင်မြင်ခဲ့သည့် ရွှေရည်သဇင်ဖြိုးကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် နောင်ချိုမြို့တွင်ဆောင်ရွက်လျက်ရှိသော မန္တလေး-လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းနှုတ်မြောင်း တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးရာ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက လုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပေးခဲ့သည်။ ၎င်းမှတစ်ဆင့် နောင်ချိုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်လျက်ရှိသော မြို့ဥပဓိရုပ်ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အား ကြိုးများနှင့်မလွှတ်ကင်းသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)