မိုင်းယောင်း စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈ ဦး တွေ့ရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ရှစ်ဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ရာ ယခုအခါ ဆေးရုံဆင်းသူပေါင်း ၂၈၆ ဦးအထိ ရှိလာ ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်က အမှတ်(၉)ရပ်ကွက်ရှိ Fever Clinic ၌ ကျန်းမာရေးလာရောက်ပြသသူ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၇ ဦးတို့အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၁၊ ၇၊ ၉)ရပ်ကွက်နှင့် ပါဟုတ်အုပ်စုတို့မှ အမျိုးသား တစ်ဦးစီ၊ ဟောင်ကြန့်အုပ်စုမှ အမျိုးသား နှစ်ဦး၊ ဝမ်ဘိုးအုပ်စုမှ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ငါးဦးတို့ထံတွင် Positive တွေ့ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ အတည်ပြုလူနာ ၄၀၄ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ ၂၈၆ ဦး၊ သုံးဦး သေဆုံးပြီး လက်ရှိတွင် အတည်ပြုလူနာ ၁၁၅ ဦး ကျန်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)