တောင်ကြီး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသောဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၃၁၅၄၁ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
တောင်ကြီးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတွင် သံဃာတော်များ၊ သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၅၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့် အလုပ်သမားများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးမှု အနေဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၃၁၅၄၁ ဦး ရှိကြောင်းသိရသည်။
ဆက်လက်၍ တောင်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား အသက်အုပ်စုအလိုက် သတ်မှတ်ပြီး ရပ်ကွက်(၂၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆)အုပ်စုကို တောင်ကြီးမြို့ မြို့တော်ခန်းမနှင့် အားကစားခန်းမ များတွင်လည်းကောင်း၊ ကျေးရွာအုပ်စု (၂)အုပ်စုကို မိုဘိုင်းဆေးထိုးအဖွဲ့ဖြင့်လည်းကောင်း၊ တောင်ကြီး မြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု နှင့် ရွှေညောင်မြို့ပေါ်ရှိ ရပ်ကွက်များမှ ပြည်သူများအား ရွှေညောင်မြို့၊ ရွှေညီလာခန်းတွင်လည်းကောင်း၊ အေးသာယာမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား အေးသာယာမြို့ မြို့လယ် ဓမ္မာရုံတွင်လည်းကောင်း၊ ကျောက်တလုံးကြီးမြို့နေပြည်သူများအား ကျောက်တလုံးကြီးမြို့ အ.ထ.က (လုံကား)နှင့် အ.ထ.က (ကျောက်တလုံးကြီး)တို့တွင်လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် တောင်ကြီးမြို့နယ်ရှိ ကျန်ကျေးရွာအုပ်စုများကိုလည်း သတ်မှတ် ရက်များအလိုက် မိုဘိုင်းဆေးထိုးအဖွဲ့မှ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အေးအေးစိုး(ပြန်/ဆက်)