သထုံ စက်တင်ဘာ ၂၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ သယံဇာတ ရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်နိုင်၊ လူမှုရေးဝန်ကြီး ဦးတင်ချယ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်း က သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးရေး လိုက်လံကြည့်ရှုအားပေးကာ မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သထုံမြို့ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် က ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်ရေး၊ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုး ဒေသအကျိုးကို ကျေပွန်အောင်ဆောင်ရွက်ကြရေး၊ မြို့နယ်အတွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် စောင့်ကြည့် ကာ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ကြစေရေးတို့ကို မှာကြားပြီး ဌာနဆိုင်ရာများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက် တင်ပြမှုများအပေါ် တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သုဝဏ္ဏဝတီမြို့ရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဧက(၃၀၀) စိုက်ခင်းသို့ ရောက်ရှိရာ တာဝန်ရှိသူတစ်ဦးက စံပြကျေးရွာ ဧက(၃၀၀)၌ မိုးစပါး စိုက်ပျိုးထားရှိမှုအခြေအနေနှင့် သထုံမြို့နယ် အတွင်း မိုးစပါး RS-CS မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်တို့ကို လမ်းညွှန် မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် သိမ်ဆိပ်ကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးချိုတူး၏ အသားတိုး ကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ တာဝန်ရှိသူတို့က အသားတိုးကြက်မွေးမြူထားရှိမှု အခြေအနေနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူတို့ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ (သထုံ)ကျောင်းသို့ သွားရောက်ကာ ကျောင်းတာဝန် ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းပြန်လည်ဖွင့်လှစ်သည့်ကာလ၌ အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်နေမှုများ လိုအပ်ချက်များနှင့် စိုက်ပျိုးရေးသိပ္ပံ(သထုံ)တွင် မွေးမြူရေး ဒီပလိုမာဖွင့်လှစ်နိုင်ရန် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ သထုံမြို့ရှိ အထက(၄)ကျောင်း ဉာဏ်ဝေယံခန်းမ၌ သထုံမြို့နယ်အတွင်းရှိ တပ်မတော် တပ်ရင်းတပ်ဖွဲ့ ၆ ခုနှင့် ကျေးရွာအုပ်စု ၁၃ အုပ်စုတို့ထံ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း ၁၆၉၉ ခုအား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများတို့က သက်ဆိုင်ရာ ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးနောက် ဂေါ့ကျေးရွာရှိ ကွန်ပျုတာတက္ကသိုလ်(သထုံ) ကျောင်းဝန်းအတွင်း၌ ခွင့်ပြုရန်ပုံငွေ ၈၉၉ သန်းဖြင့် တည်ဆောက်နေသည့် ကျောင်းသား/ကျောင်းသူ ၁၆၀ ဦးဆံ့ RC နှစ်ထပ်အိပ်ဆောင်နှင့် ထမင်းစားဆောင် ဆောက်လုပ်နေမှု လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)