မန္တလေး ဩဂုတ် ၁၆
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးခွင့်ရရှိရေး၊ မဲစာရင်းမှန်ကန်စေရေးတို့အတွက် ဩဂုတ်လ ၁၅ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း မဲစာရင်းများကို လိုက်လံ၍ ပြုပြင်ဖြည့်ဆည်းကောက်ယူပေးလျက်ရှိသည်။
" မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရှိအောင် တစ်အိမ် တက်ဆင်း ဆယ်အိမ်မှူး ရာအိမ်မှူးရယ် ရပ်ကွက်စာရေးလို့ခေါ်တဲ့ အတွင်းရေးမှူးတွေရယ် ရပ်ကွက် ကော်မရှင်အဖွဲ့ရယ် ပူးပေါင်းပြီးတော့ ကွင်းဆင်းကြပါတယ်။ ကွင်းဆင်းတဲ့အခါမှာ ပုံစံ ၃ ပုံစံ ၃(က) ပုံစံ ၃(ခ) ပုံစံ ၄ ပုံစံ ၄(ဂ)တွေ တစ်ခါတည်းယူဆောင်သွားပြီးတော့ နာမည်စာရင်း မပါတဲ့သူတွေကို တစ်ခါတည်း နာမည်စာရင်းဖြည့်ဆည်း ပေးပါတယ်။ နာမည်မှားနေတဲ့သူတွေကို တစ်ခါတည်း ပြုပြင်ပေးပါတယ်။ ကွင်းဆင်းရင်း ဒါတွေကို တပြိုင်နက်ဆောင်ရွက်ပေးပါတယ်။ " ဟု ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ ဥက္ကဌ ဒေါက်တာ မြတ်သစ်က ပြောသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဩဂုတ်လ၁၄ရက်နေ့မှ စတင်ခဲ့ပြီး ၁၄ ရက်ကြာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ထိပ်ထားနိုင် (ချမ်းအေးသာစံ)