လှိုင်သာယာ(အနောက်) စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်း ကုမ္ပဏီလီမိတက်က ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန်၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လှိုင်မြစ်အတွင်းသို့ ငါးမျိုးကောင်ရေ (၅)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဦးမြင့်ဆွေ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန့်ဇင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီလီမိတက်မှ ဒုတိယမန်နေဂျင်း ဒါရိုက်တာ ဦးခင်မောင်မြင့်၊ ငွေပင်လယ်စက်မှုဇုန်ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး လှိုင်မြစ်အတွင်း ငါးသယံဇာတဖူလုံစေရေးအတွက် ငါးမြစ်ချင်းကောင်ရေ (၅)သိန်း အား စုပေါင်းစိုက်ထည့်ပေးခဲ့ကြသည်။
ယခုနှစ်တွင် မြို့နယ်အတွင်း ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်အတွက် မြစ်/ချောင်းနှင့် ဆည်တမံများအတွင်း ငါးမျိုးများစိုက်ထည့် ပေးခြင်းကို လှိုင်မြစ်အတွင်း စုစုပေါင်းငါးမျိုးကောင်ရေ (၅)သိန်း စိုက်ထည့်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီမှ တာဝန်ရှိသူထံမှ သိရသည်။
ဝေလွင်ကျော်(ပြန်/ဆက်)