မိုးညှင်း စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများဖြစ်သည့် ပြည်သူ(၇၈၆၅)ဦးအား စက်တင်ဘာ(၁၈)ရက်နေ့မှ (၂၃)ရက်နေ့အထိ သတ်မှတ်နေရာများတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်း၊ ဟိုပင်၊ နန်းမား၊ အင်းတော်ကြီး၊ နန့်မွန်းနှင့် မှော်ဟန်ဒေသများ၌ သံဃာတော်/သီလရှင်များ၊ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ နာတာရှည်ရောဂါရှိသူများနှင့် စေတနာ့ဝန်ထမ်းများစသည့် ဦးတည်အုပ်စုများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ အဆင့်ဆင့် ထိုးနှံပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာ၌ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းနှင့် ကျန်းမာရေး ရာဇဝင်များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး၊ ယင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်း၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်/သီလရှင်(၁၅၈)ပါး၊ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူ(၆၄၄၃)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၄၃၀)ဦး၊ နာတာရှည် ရောဂါရှိသူ(၂၈၇)ဦး၊ မသန်စွမ်းသူ (၄၅)ဦး၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ (၂)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၅)ဦးနှင့် စေတနာ့ ဝန်ထမ်း(၄၉၅)ဦး စုစုပေါင်း(၇၈၆၅)ဦး စသည်တို့ကို သတ်မှတ်နေရာများတွင် အသီးသီးထိုးနှံပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးသူများကို ဒုတိယအကြိမ် အနေဖြင့် အောက်တိုဘာ(၁၆)ရက်နေ့မှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)