ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၁၁,၅၇၅)ဦး နှင့် ဒုတိယ အကြိမ် ထိုးနှံပြီးသူ စုစုပေါင်း (၄,၉၃၄) ဦးရှိကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။
ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတွင် သံဃာတော်များ၊ သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၅၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့် အလုပ်သမားများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးမှု အနေဖြင့် စက်တင်ဘာလ ၂၃ ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၁,၅၇၅ ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၄,၉၃၄ ဦးရှိကြောင်း၊ အဆိုပါ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မကျန်ရှိစေရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ အသက်အုပ်စုအလိုက် သတ်မှတ်ပြီး ကာကွယ်ဆေးထိုးနှံပေးသွား မည်ဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
လက်ရှိအချိန်၌ ဆေးထိုးစုရပ်များအနေဖြင့် တပင်ရွှေထီးရပ်ကွက်ရှိ အထက(၄) ကျောင်း၊ ၁၁/၁၄ ရပ်ကွက်ရှိ အ.လ.က ကျောင်း၊ ကမာကဆစ် အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်နှင့် မြို့နယ်ပြည်သူဆေးရုံ စသည့် စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပူပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)