ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉) နာရီက ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့်တာဝန် ရှိသူများသည် တောင်သူကုန်း ရပ်ကွက်၊ စောလေ့ကျင့်ကုန်းလမ်း (အဏ္ဏဝါ(၁)လမ်းနှင့် သာယာအေး (၂)လမ်းကြား)၌ ခရိုင်ရေစီးရေလာနှင့်ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းထွန်း တာဝန်ယူ ဆောင်ရွက်နေသော အုတ်ရေမြောင်းပြုလုပ်သည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူ ဆောင်ရွက်နေသော ဘိုကုန်း(YBS)ကားမှတ်တိုင်နေရာ ရွေ့ပြောင်းရန် အောက်ခံ အုတ်ရေမြောင်း ပြုလုပ်နေမှုနှင့် လမ်းပုခုံးသား ကွန်ကရိလောင်းမည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)