တာချီလိတ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုတွင် တတိယအကြိမ် အဖြစ် တောင်ပေါ်တိုင်းရင်းသားကျေးရွာ(၈)ရွာရှိ အိမ်ထောင်စုပေါင်း( ၁၂၀၀)စုအတွက် အခြေခံ စားသောက်ကုန်များကို မိုးမိသားစုကုမ္ပဏီနှင့် ရွှေမိုင်းဟဲ မိသားစုတို့မှ ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာ၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်း စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော တောင်ပေါ်နေ တိုင်းရင်းသား လားဟူ၊ အာခါ၊ ပလောင်နှင့် ရှမ်းလူမျိုး အများစု နေထိုင်သည့် ရွာများကို တတိယအကြိမ်အဖြစ် တစ်အိမ်ထောင်စုလျှင် ထိုင်းဘတ်ငွေ(၂၀၀) တန်ဖိုးရှိ ဆန်၊ ဆီ၊ဆား၊ ကြက်သွန် နှင့် အခြားအခြေခံစား သောက်ကုန်ပစ္စည်းများကို အိမ်ထောင်စု(၁၂၀၀)စုအတွက် အလှူရှင် မိသားစုများက ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများက လက်ခံ ရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူရှင် မိသားစုများသည် တာချီလိတ်မြို့နယ်၊ တောင်ပေါ် တိုင်းရင်းသား ကျေးရွာများသို့ ပထမအကြိမ်အဖြစ် စက်တင်ဘာ ၁၇ ရက်နေ့ က(၂၇)ရွာ၊ ဒုတိယ အကြိမ်အဖြစ်(၂၄)ရွာနှင့် ယနေ့တွင်(၈)ရွာ စုစုပေါင်း (၅၉) ရွာတို့ကို ထောက်ပံ့ပေးအပ် ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ ထောက်ပံ့လှူဒါန်းသွားရန်အတွက် စီစဉ်ထားကြောင်း ကုမ္ပဏီမှတာဝန်ရှိသူ ဦးကျာနူးထံမှ သိရသည်။
ယာဆေး(ပြန်/ဆက်)