ကချင်ပြည်နယ် ဝန်ကြီးချုပ်က တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀)မိုးစပါး စံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ ရောစပ်ကြဲပက်ခြင်း အခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား စက်တင်ဘာ ၂၃

ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀)မိုးစပါး စံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် မန်ခိန်ရပ်ကွက်ရှိ ကွင်းအမှတ်(၃) ဧက(၁၀၀)စံပြစိုက်ကွက်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြောင်းသိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) ဆင်းဧကရီ-၃ မိုးစပါး စံပြစိုက်ကွက်အတွင်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် တောင်သူ ၄၀ ဦး တို့အတွက် ဓာတ်မြေသြဇာအိတ်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးပြီး တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ရွှေခရု/ငါးအမိုင်နိုအက်ဆစ် အပင်အားတိုးဆေးရည် ဖျော်စပ်အသုံးပြုနည်းများကို တောင်သူများထံ အသိပညာပေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြသခဲ့ကြပြီး စံပြစိုက်ကွက်အတွင်း ဆင်းဧကရီ-၃ မိုးစပါးများ တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စိုက်ပျိုးနည်း စနစ်ကျ စီမံစိုက်ပျိုးနေမှု အခြေအနေများနှင့် စပါးသက်တမ်းအလိုက် ဓာတ်မြေသြဇာ ကြဲပက်ထည့် သွင်းမှုအခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ စပါးခင်းအတွင်း တောင်သူများက ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ (၁ အချိုး ၃) ရောစပ်ကြဲပက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေး ဝန်ထမ်းများအား တွေ့ဆုံအားပေးကာ ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)