ကျိုက်ထိုမြို့နယ်၌ "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" Bill Board စိုက်ထူထားရှိ

ကျိုက်ထို  စက်တင်ဘာ    ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအနေဖြင့် တွေ့မြင်သိရှိပြီး ဆက်သွယ်လုပ်ကိုင် ဆောင်ရွက်နိုင်စေရေးအတွက် ပန်းခင်းစီမံချက်   Bill Board စိုက်ထူပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ကျိုက်ထိုမြို့အဝင် ကျိုက်ထို-ကျိုက်ထီးရိုးလမ်းဆုံ အဝိုင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာတွင် ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေဖို့ ပြည်သူများက ပူးပေါင်းပါဝင်စို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့"ပန်းခင်းစီမံချက်ဆိုင်းဘုတ်များကို မြို့အဝင်အများ ပြည်သူများ မြင်သာသည့် နေရာများတွင် စိုက်ထူထားရှိပေးထားကြောင်း သိရသည်။

ယနေ့ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထက်မောင်၀င်းတို့က ဆိုင်းဘုတ်အား သပြေခက်ဖြင့် အမွှေးနံသာရည်များ ပက်ဖြန်းကာ စိုက်ထူပေး ခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)