ကျိုင်းတုံ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းလား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြကျေးရွာများပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ မြှင့်မား တိုးတက်လာစေရန်ရည်ရွယ်၍ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှု သင်တန်းကို ယမန်နေ့ နံနက်(၁၀:၀၀) နာရီအချိန်က ဝမ်တာပုံကျေးရွာအုပ်စု၊ နမ့်ကာကျေးရွာတွင် ဖွင့်လှစ်သည်။
ရှေးဦးစွာ မိုင်းလားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာရဲမောင်နှင့်ဝန်ထမ်းများက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးရွာများ၏ စီမံကိန်း ဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေး နှင့်ခေါင်းဆောင်နိုင်မှုအရည်အသွေး မြှင့်မားစေရေး၊ ဒေသဖွံ့ဖြိုးရေး အသိပညာ၊ အတတ်ပညာများရရှိမည့် သင်ခန်းစာများကို ပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းကို မိုင်းလား မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်သည့် ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၁၂)ရွာမှ သင်တန်း သား/သူ (၆၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကို covid-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်းသိရသည်။
စိုင်းရွှေအောင်( ခရိုင်ပြန်/ဆက်)