တောင်ဥက္ကလာပ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅၅)နှစ်နဲ့ အထက် ပြည်သူများကို ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် အမှတ်(၄)ရပ်ကွက်၊ လူထုဓမ္မာရုံ၊ အမှတ်(၆)ရပ်ကွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၁၁)ရပ်ကွက် သာသနာ့ဟိတဓမ္မာရုံတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် (ဒုတိယနေ့) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစားကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၅၅)နှစ်အထက် ပြည်သူများကို စုရပ်များအလိုက် ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအောင်မြတ်မိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှလာရောက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိ အသက်(၅၅)နှစ်နဲ့အထက် ပြည်သူများကို အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံနှင့် အမှတ်(၆)ရပ်ကွက်ရှိ ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်(၅)နေရာခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)