ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေး

ကျောက်တန်း စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက သတ်မှတ်နေရာ အသီးသီးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပတ်သက်၍ “ကျွန်မတို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအဆင့်အလိုက် စာရင်းများကောက်ယူပြီး သတ်မှတ်လူဦးရေ အတိုင်း ထိုးနှံပေးပါတယ်၊ ဒီနေ့ကတော့ ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွေမှာ ပထမအကြိမ်ထိုးနှံပြီးတဲ့ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးဆရာလေးများ၊ စေတနာ့ဝန်ထမ်းများကို ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ပါတယ်၊ ထိုးနှံပေးတဲ့နေရာမှာလည်း လူစုလူဝေးမဖြစ်စေရန်နဲ့ နယ်ကသူတွေ သွားလာရေးအဆင်ပြေစေရန်အတွက် စုရပ် ၄ နေရာခွဲပြီး ထိုးနှံပေးခြင်း ဖြစ်ပါတယ်” ဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူလွင်၏ ပြောကြားချက်အရ သိရှိရသည်။

ထိုသို့ထိုးနှံရာတွင် ကျောက်တန်းမြို့ အမှတ်(၁) အခြေပညာအထက်တန်းကျောင်း၊ တံတားမြို့တိုက်နယ်ဆေးရုံ၊ မီးပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ကမာကလုတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် နေရာများခွဲကာ ထိုးနှံပေးလျက် ရှိကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးသူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ/မရှိ သတ်မှတ် နေရာများတွင် နာရီဝက်ခန့်စောင့်ကြည့်စေပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။   

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း (၄၈၀) ဦး၊ ဆေးရုံ ဆင်းခွင့်ရရှိသူ (၄၁၄)ဦး၊ ဆေးကုသမှုခံယူနေသူ (၂၁) ဦးနှင့် သေဆုံးသူ (၄၅ )ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်