ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် “မြန်မာချီကျိ ဖောင်ဒေးရှင်း ပရဟိတအသင်း” မှ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မြန်မာချီကျိဖောင်ဒေးရှင်း ပရဟိတအသင်းမှ ကော်မရှင်နာ ဒါရိုက်တာ ဦးကျော်ခိုင် ဦးဆောင်၍ ဖောင်ဒေးရှင်း ပရဟိတအသင်းသားများက ရပ်ကွက် ၉ ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ဆန် ၁၂ ပြည်အိတ် ၁ အိတ် နှင့် ဆီ ၅၀ ကျပ်သားဘူး ၁ ဘူးနှုန်းဖြင့် အိမ်ထောင်စု ၂၅၀၀ စုအတွက် ဆန်အိတ် ၂၅၀၀ အိတ် နှင့် ဆီဘူး ၂၅၀၀ ဘူး တို့ကို ရပ်ကွက်အလိုက် သတ်မှတ်စုရပ်များတွင် ပြည်သူများလက်ဝယ် အရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှူဒါန်းရာသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ကြက်ခြေနီ လူငယ်များက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပြီး၊ လှူဒါန်းမှုနှင့် ပတ်သက်၍ မြို့နယ်နေပြည်သူတစ်ဦးက “အခုလို ကာလမှာ လာရောက် လှူဒါန်းပေးတဲ့အတွက် မြန်မာချီကျိဖောင်ဒေးရှင်းနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဝမ်းလည်း ဝမ်းသာပါတယ်၊ နောင်လည်းဒီထက်မက ဆက်လက် လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။
ဝေယံ