တိုက်ကြီး စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် နှင့်ဒုတိယအကြိမ် ထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညပိုင်းအချိန်က မြို့နယ်အတွင်း မော်တော် ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ချက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အတွင်းရှိ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများနှင့် အသက် ၅၅ နှစ် မပြည့်သေးသော်လည်း ဉီးစားပေးအုပ်စုများတွင် ပါဝင်သူများအားလုံးအား ဦးစားပေး ဦးတည်အုပ်စုအဖြစ် ထပ်မံတိုးချဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယခင်သတ်မှတ်ထားသည့် ဉီးစားပေး (၁၂)အုပ်စုမှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ပါသဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စာရင်းပေးသွင်းကာ နေ့စဉ် နံနက် ၉ နာရီတိတိ အချိန်၌ တိုက်ကြီးမြို့မ(အ.ထ.က)ကျောင်းတွင် ကာကွယ်ဆေးများကို မပျက်မကွက် လာရောက်ထိုးနှံကြပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးနှိုးဆော်ထားပါသည်။
တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက်ဆောင်ရွက်လျက် ရှိကြောင်းသိရပါသည်။
စန်းကလျာခိုင်(ပြန်/ဆက်)