ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ အကျဉ်းသူ/သားများ လူမျိုးဘာသာမရွေး ဦးစားပေးအစီအစဉ်အလိုက် ဒုတိယအကြိမ် ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၂ ရက်နေ့က စက်မှုဇုန်လုပ်သား ၃၉၀ ဦးနှင့် ပြည်သူ ၂၃၀ ဦး ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် အသက် အရွယ်ရှိပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင် ဘာလ ၁၇ ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း (၁၆ )ရပ်ကွက်ရှိမြို့ဦးစေတီ၊ (၃၃) ရပ်ကွက်ရှိ ငါးမာန်အောင် ဘုရားဝင်း၊ (၄၄) ရပ်ကွက်ဓမ္မာရုံ၊ အထက(၃)ကျောင်းနှင့် အထက(၄) ကျောင်းတို့တွင် စုရပ်ငါးနေရာသတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၂ ရက်နေ့တွင် ကာကွယ် ဆေးလာရောက် ထိုးနှံခဲ့ကြသူ ၁၂၈၆ ဦး ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ             ဦးညီညီအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)