သုံးခွမြို့နယ် ရေပေါ်ကန်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

သုံးခွ စက်တင်ဘာ ၂၃

"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့်  ရန်ကုန်တိုင်းဒေသကြီး  တောင်ပိုင်းခရိုင် သုံးခွမြိုနယ်တွင်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ရေပေါ်ကန် ကျေးရွာတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ရေပေါ်ကန်ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူနှင့် ၀န်ထမ်းများက နိုင်ငံသားအရည်အချင်းပြည့်မီသူ ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၆)နှစ်မှ (၁၈)နှစ်ကြား ကျား(၁၃)ဦး၊ မ(၇)ဦး၊ အသက်(၁၈)နှစ်အထက် ကျား(၁၈)ဦး၊ မ(၁၄)စုစု ပေါင်း (၅၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း ၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

သုံးခွမြို့နယ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်