သပိတ်ကျင်းမြို့နယ်တွင် လမ်းမြေတိုးချဲ့ရန် တောင်နံရံအားဖြိုချရာမှ မြေစာတွင်ရွှေပါသည်ဟုဆိုကာ မြေများအား လာရောက်တူးယူသူ များပြား

သပိတ်ကျင်း ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ မန္တလေး-မိုးကုတ် ကားလမ်းတွင် လမ်းမြေတိုးချဲ့ရန် တောင်နံရံအား ဖြိုချရာမှထွက်ရှိလာသောမြေစာတွင် ရွှေပါသည့် သတင်းကြောင့် ယမန်နေ့ ည ၈ နာရီ ခွဲအချိန်က ဒေသခံများမှ မြေစာများအား လာရောက် တူးယူခဲ့ကြောင်းသိရသည်။

ချောင်းကြီးကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် (၆၄/၃) နှင့် (၆၄/၄) အကြား (၃) ထပ်ကွေ့၌ ဆုထူးပန်ကုမ္ပဏီမှ လမ်းတိုးချဲ့ပြုပြင်မှုဆောင်ရွက်လျက်ရှိရာ တောင်နံရံအား ဘက်ဟိုးယာဉ်ဖြင့် ဖြိုချခဲ့သည့် မြေစာများမှ ရွှေပါ သည် ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အနီးပတ်ဝန်ကျင်နှင့် ဒေသခံကျေးရွာသူ/ ကျေးရွာသား (၁၀၀၀) ဦးခန့်တို့မှ မြေစာများအား လာရောက်တူးယူခဲ့ကြသည်။

အဆိုပါနေရာသို့ သပိတ်ကျင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်ဌေးနှင့် တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မလိုလာအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပွားရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့တို့နှင့်အတူ ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး ည ၁၂ နာရီတွင် မြေစာလာ ရောက်တူးကြသော ကျေးရွာသူ/ကျေးရွာသားအချို့ အဆိုပါနေရာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြကာ လူဦးရေ(၃၀၀)ခန့်သာကျန်ရှိခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ မြေစာတူးဖော်ခြင်းများ မပြုလုပ်ရန် တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)(ပြန်/ဆက်)