နမ့်စန်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်

နမ့်စန်(တ)  ဩဂုတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီသော ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက သြဂုတ်လ ၁၄ရက်မှ စတင် ဆောင်ရွက် လျက်ရှိရာ ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း အိမ်ထောင်စု ၈၀၀ စုကို ဆက်လက် ပေးအပ်ခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ ခိုလမ်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အခြေခံလူတန်းစားအိမ်ထောင်စု ၈၀၀ စုအတွက် တစ်အိမ်ထောင်စုလျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင်  ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၂၀ စု တို့၌ ပုံမှန် ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၃၁၈၅ စုရှိပြီး သြဂုတ်လ ၁၅ ရက်နေ့အထိ အိမ်ထောင်စု ၁၃၁၀ စု ထောက်ပံ့ပေးအပ်ပြီးကာ ကျန်ရှိသော အိမ်ထောင်စုများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအလိုက် ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင် (ပြန်/ဆက်)