သံတွဲ စက်တင်ဘာ ၂၂
သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင် ရွက်လျက်ရှိပြီး စက်တင်ဘာလ ၁၉ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ(၃၅၀)ဦး ရှိပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၂၉၈)ဦးရှိပြီးဖြစ်ရာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူတစ်ဦးနှင့်အင်တာဗျူးခြင်းကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊သံတွဲခရိုင်ရုံး မှစက်တင်ဘာ ၂၂ ရက်နေ့တွင်ဆောင်ရွက်ခဲ့ပါသည်။
မေး။ မင်္ဂလာပါအကို ။ အကိုရဲ့ နာမည်နှင့်အလုပ်အကိုင်၊နေရပ်လိပ်စာလေးကိုသိချင်ပါတယ်။
ဖြေ။ ကျနော့် နာမည်က ကိုအောင်အေးမင်း ပါ ။ အလုပ်အကိုင်က အလူမီနီယံလုပ်ငန်းများကို လုပ် ကိုင်ပါတယ်။နေရပ်လိပ်စာကတော့ မြပြင်ရပ်ကွက် ၊ ငပလီမြို့မှာနေပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါဘယ်လိုကူးစက်ခံခဲ့ရသလဲဆိုတာသိချင်ပါတယ်။
ဖြေ။ ဒီဟာက ဖြေရခက်မယ်ထင်တယ်ဗျ ။ ကျနော်သတိထားမိတာက ကျနော်တို့ မိသားစုမှာ စစချင်း ဖျားတာက ကျနော့်အမျိုးသမီးလေးရဲ့ညီမလေး အရင်ဖျားပြီးတော့ (၂)ရက်အတွင်းအဖျား ကောင်းသွားပါတယ်။ပြီးတော့ ကျနော်ဖျားပါတယ်။ကျနော် ရပ်ကွက်ထဲက ဆေးခန်းမှာ ပြနေကျဆရာဝန်သွားပြတယ်။ မသက်သာဘူး။ ဒီကြားထဲမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏတွေပြ လာတော့ ဆရာဝန်ကလည်းသံသယရှိတော့ ကိုဗစ်-၁၉ ရောဂါရှိမရှိသွားစစ်ဆေးတယ်။စစ်ဆေး လိုက်တော့ ကိုဗစ်-၁၉ ကူးစက်ခံထား ရကြောင်းသိရှိခဲ့ရပြီး သံတွဲခရိုင်ပြည်သူ့ဆေးရုံမှာကိုဗစ် ကုသဆောင်မှာ ကြပ်မတ်ကုသခြင်းကိုခံယူခဲ့ရပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတော့ဘယ်လိုခံစားရပါသလဲ။
ဖြေ။ ဆေးရုံပေါ်မှာ လေးရက်လောက် အသည်းအသန်ဖျားပါတယ်။တော်တော်ခံစားရပါတယ်။နောက် ပြီး အောက်စီဂျင်ပါကျလာတော့ မောလာပါတယ်။အောက်စီဂျင်ရှုရတယ်။
မေး။ ဆေးရုံထဲမှာ ကူးစက်လူနာအနေနဲ့ကုသမှုခံယူနေစဉ်အတွင်းမှာ စိတ်ကိုဘယ်လိုထားပြီးဖြတ် သန်းခဲ့လဲဆိုတာသိချင်ပါတယ်။
ဖြေ။ ဆေးရုံမှာထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့လူနာတစ်ဦးအနေနှင့်ပထမတော့ တုန်လှုပ်မိပါ တယ်။ဒါပေမယ့် ကိုယ့်စိတ်ကိုပြန်ထိန်းချုပ် ပါတယ်။စိတ်လှုပ်ရှား လို့မရဘူး။အစားကိုဝင်အောင် စားရမယ်။စိတ်ကိုပျော်အောင်ထားရမယ်။ ဆေးကိုဆရာဝန်ညွှန်ကြားချက် အတိုင်းမှန်မှန်သောက်မယ်။ အိပ်ရေးဝအောင် အိပ်မယ်ဆိုပြီး တော့ဖြတ်သန်းပါတယ်။ လိုအပ်တာကိုဆရာဝန်နဲ့ညှိနှိုင်းပါတယ်။
စနစ်တကျကုသမှုခံယူရင် ကိုဗစ်-၁၉ ကူးစက်ခံရရင်လည်း အေးအေးဆေးဆေးဖြတ် သန်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။
မေး။ ဆေးရုံကဆင်းခွင့်ရတဲ့အချိန်မှာ ဘယ်လိုခံစားရပါသလဲ။
ဖြေ။ ဆေးရုံကဆင်းခွင့်ရတဲ့အချိန်မှာ အရမ်းပျော်ခဲ့ပါတယ်။ကိုဗစ်-၁၉ ရောဂါဆိုးကြီးကိုအနိုင်ယူ ခဲ့နိုင်လို့ပျော်ပါတယ်။ဆေးရုံကဆင်းပြီး အိမ်မှာ(၂)ပတ်အနား ယူပါတယ်။ ကျနော် ကရောဂါ နည်းနည်းပြင်းထန်တော့အဆုတ်မှာအနာဖြစ် မဖြစ်ရအောင် ဆေးရုံက အထူးကုသမားတော် နှင့်တိုင်ပင်ပြီးတော့ ဆေးလည်းထိုးထားပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမခံရအောင် ဘယ်လိုနေထိုင်သင့်တယ်လို့ထင်ပါသလဲ။
ဖြေ။ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာန ကလမ်းညွှန်ချက်များနှင့်အညီ စည်းကမ်းတကျနေထိုင်သင့်ပါတယ်။အခုဆိုရင် ကာကွယ်ဆေး တွေဦး တည်အုပ်စုအလိုက်ထိုး ပေးနေပါပြီ။ လူတိုင်းကာကွယ်ဆေးထိုးသင့်ပါတယ်။
ယခုလို မအားမလပ်တဲ့ကြားက အချိန်ယူပြီးဖြေကြားပေးတဲ့ ကိုအောင်အေးမင်း ကို ကျေးဇူး တင်ရှိပါတယ်ခင်ဗျာ။
အင်တာဗျူး- နေမျိုးအောင်(ပြန်/ဆက်)
သတင်းဓာတ်ပုံ - ညီနိုင်းထက်