မိုင်းပျဉ်း စက်တင်ဘာ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ၊ ကျိုင်းတုံမြို့မှ မိုင်းပျဉ်းမြို့ရှိ ထေရဝါဒဗုဒ္ဓသာသာနာပြု ဗဟိုကျောင်းတိုက် ဘုန်းတော်ကြီးသင် အခြေခံပညာ မူလတန်းကျောင်း၊ စာသင်ဆောင်နှင့် နှစ်ထပ် အိပ်ဆောင်အပြီး သတ်ဆောက်လုပ်ရန် အလှူငွေ(၁၆၆)သိန်းကျော်နှင့် ဆန်၊ ဆီ၊ ကုလားပဲများအား ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းတိုက်သို့ လာရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်းက ဩကာသကန်တော့ကြိုးဖြင့် ပူဇော်ကန်တော့ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဓသီရိဓမ္မထံမှ ငါးပါးသီလ ခံယူဆောက်တည်သည်။
ထို့နောက် တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဇော၊ ဒုတိယဗိုလ်မှူးကြီး စောဝင်းနိုင်၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ၊ ကျိုင်းတုံမှ ဒေသကြီးကြပ်ရေးမှူး ဉီးသီဟဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဉီးမြင့်ဝင်းနှင့် တာဝန်ရှိသူတို့က ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်၊ ဘုန်းတော်ကြီးသင် အခြေခံပညာ မူလတန်းကျောင်း၊ စာသင်ဆောင်နှင့် နှစ်ထပ်အိပ်ဆောင် အပြီးသတ်ဆောက်လုပ်ရန် အလှူငွေ(၁၆၆) သိန်းကျော်နှင့် ငွေကျပ်(၄)သိန်းတန်ဖိုးရှိ ဆန်၊ ဆီ၊ ကုလားပဲတို့အား ဆရာတော်ဘဒ္ဒန္ဓသီရိဓမ္မထံ ဆက်ကပ်လှူဒါန်းရာ ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဧည့်ပရိတ်သတ်အပေါင်းက ဆရာတော်ဘဒ္ဒန္ဓသီရိဓမ္မထံမှ ရေစက်ချအနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။
အဆိုပါ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း၊ စာသင်ဆောင် (အလျား ၄၈.၅ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၀ ပေ) နှင့် နှစ်ထပ် အိပ်ဆောင် (အလျား ၃၃.၅ ပေ၊ အနံ ၁၆.၅ ပေ၊ အမြင့် ၂၀ ပေ) အား အပြီးသတ်ဆောက်လုပ်နိုင်ရန် လိုအပ်လျက်ရှိသော အဆာက်အဦ အချောကိုင်ခြင်း၊ မျက်နှာကျက်တပ်ဆင်ခြင်းနှင့် ဆေးသုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)