တံတားဦးမြို့နယ်၌ မိုးစပါးသီးနှံဧက ( ၁၄၃၇၇ )ကျော်လျာထားစိုက်ပျိုးမည်

တံတားဦး  စက်တင်ဘာ  ၂၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင်  စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးစပါးသီးနှံဧက (၁၄၃၇၇) ကျော် လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်ထံမှ သိရသည်။

ဒေသခံတောင်သူများ၏ လယ်မြေများမှာ ဆည်ရေသောက်စနစ်နှင့် မိုးကောင်းသောက်စနစ်တို့ဖြင့် စိုက်ပျိုးသော်လည်း မိုးစပါးအချိန်မီ စိုက်ပျိးပြီးစီးရန်အတွက် ပျိုးထောင်း ခြင်း၊ ရွေ့ပြောင်းစိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက် ချမျိုးစေ့စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တံတားဦးမြို့နယ်တွင် မိုးစပါး စုစုပေါင်း (၁၂၄၀၁) ဧက စိုက်ပျိုးပြီးစီး ကြောင်းလည်းသိရသည်။ မျိုးကွဲစပါးများအနေဖြင့် စိုက်ပျိုးပြီး သည့် ဧကများမှာ မနောသုခ (၈၆၄၁) ဧက၊ ဧရာမင်း (၂၆၂၄) ဧက၊ ရွှေမနော်  (၇၆၂ ) ဧကနှင့် ရွှေသွယ်ရင် (၃၆၇) ဧကတို့ စိုက်ပျိုးပြီးပါကြောင်း မိုးစပါးသီးနှံ အထွက်နှုန်း ကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မျိုးကောင်း မျိုးသန့်များ၊ သွင်းအားစုများ၊ ပိုးမွှားများ ကျရောက်မှုမရှိရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မလိုအပ်ဘဲပိုးသတ်ဆေးမသုံးစွဲရေး၊  သဘာဝ မြေဩဇာသုံးစွဲရေး၊ GAP လက်မှတ် ရရှိရေး၊ စိုက်ပျိုးရေး ဆိုင်ရာ နည်းစနစ်များကို အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်မိုးစပါး (၁၄၃၇၇) ဧက၊ ပဲမျိုးစုံ (၂၀၇၀၆ ) ဧက၊ ဆီထွက်သီးနံ (၅၄၂၇၇) ဧက အခြားသီးနှံ (၄၉၆၇၃) ဧက၊ နှစ်ရှည်ပင် (၃၅၁၃) ဧကနှင့် စုစုပေါင်း  (၁၃၃၅၄၆) လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ရဲတင့်(တံတားဦး)