ဇေယျာသီရိ စက်တင်ဘာ ၂၂
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို Hand Speaker ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face Shield) ကိုတွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေး ရှောင်ပါ၊ လက်ကိုစက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အလုံပိတ်ခန်းများ အဲကွန်းခန်းများ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက် (၆၀) နှစ်အထက် အသက် အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ပါ စသည့်ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များကို လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး မြို့နယ်အတွင်းရှိ အများပြည်သူများထံသို့ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း