တံတားဦး ဩဂုတ် ၁၆
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ကန်ကြီးကျေးရွာအား ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေ ကော်မတီဝင်များက ဒေသခံပြည်သူများကို အဆိုပါကျေးရွာ ဓမ္မာရုံတွင် လက်ဝယ်အရောက် ထုတ်ချေးပေးကြောင်းသိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်နေပြီး လုပ်ကွက်ငယ်တောင်သူများ ၊ ထုတ်လုပ်ရောင်းချသူများ ၊ အသေးစားစီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့လုပ်ဆောင်ဆောင်ရွက်နိုင်ရေး၊ သွင်းအားစုနှင့် ငွေကြေး အရင်းအနှီး လိုအပ် သည်များကို ပြန်လည်ကုစားနိုင်ရေးအတွက် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) ကို နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တံတားဦး မြို့နယ်အနေဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ( VRFP ) ကျေးရွာ (၈)ရွာ ဖြစ်ပြီး ပြည်သူများ လုပ်အားခ ထောက်ပံ့ပေးခြင်း Cash For Work စီမံကိန်းများအတွက် ကျေးရွာ(၁၀)ရွာရှိပါကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်း ထံမှသိရသည်။
အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေထုတ်ချေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ကန်ကြီးကျေးရွာအုပ်စု ကန်ကြီး(ရှေ့)ကျေးရွာကို စီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၀၀)အား အသင်းသား (၇၂)ဦး ကို လည်းကောင်း ၊ ကန်ကြီး (နောက်)ကျေးရွာတွင် စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း (၃၀၀)အား အသင်းသား (၇၄)ဦးကိုလည်းကောင်း ဒေသခံ အသင်းသူ/သားများထံ လက်ဝယ် အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည် ။
ရဲတင့်(တံတားဦးပြန်/ဆက်)