ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် ပြည်သူများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ပေါင် စက်တင်ဘာ ၂၂

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို ယနေ့ နံနက် ၉ နာရီက ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) စုရပ် (၁၀)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂၆ ရက်နေ့အထိ ပြည်သူလူထုများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးနေခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအတွက် ပေါင်မြို့နယ်တွင် စုရပ်(၁၀)နေရာ သတ်မှတ်ကာ သံဃာတော်များ၊ သီလရှင်များ၊ မသန်စွမ်းသူများ၊ အသက် ၅၅ အထက်ရှိသူများနှင့် ပြည်သူများကို ဦးစားပေးသတ်မှတ်ချက်အဆင့်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ထိုးနှံပေးခဲ့ကြသည်။

ပေါင်မြို့နယ်အတွင်းရှိ စုရပ်နေရာအသီးသီးတွင် ဒုတိယအသုတ် ကာကွယ်ဆေးစတင်ထိုးပေးသည့် နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်န့အထိ ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ပြည်သူ (၂၂၆၀၅)ဦးကို ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး ပရဟိတ အဖွဲ့ဝင်များတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ရပ်ကွက်/ကျေးရွာ အသီးသီးရှိ သတ်မှတ် စုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ပထမအသုတ်အနေဖြင့် ပေါင်မြို့နယ်ရှိ ပြည်သူလူထု (၉၁၅၈)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဝဏ္ဏမောင်(ပြန်/ဆက်)