ညောင်ဦး ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယမန်နေ့ နံနက်(၇)နာရီက စတင်ကာ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ဖိလစ်ပိုင် နိုင်ငံသား မော်ဒယ် Sinon Loresca ညောင်ဦးမြို့နယ် အခြေစိုက်အဖွဲ့အသီးသီးမှ ပူးပေါင်းပါဝင်ကာ ပုဂံ-ညောင်ဦး ရှေးဟောင်းကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအား အမှိုက်ကင်းစင်ရေး၊ စုပေါင်း အမှိုက်ကောက်ခြင်း၊ အမှိုက်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေကပြောသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦး ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန် အသင်းမှအဖွဲ့များ၊ ညောင်ဦးမြို့ သံတဲဟိုတယ်အဖွဲ့၊ ခေတ်သစ်မောင်မာင်မယ် အဖွဲ့၊ Balloons Over Bagan အဖွဲ့သားများ၊ STT Golden Eagle Balloons အဖွဲ့သားများ၊ Plan Myanmar မှလူငယ်အဖွဲ့များ၊ သရပါဟိုတယ်မှ အဖွဲ့မျာ ၊မင်းနန်သူကျေးရွာမှလူငယ်အဖွဲ့များ၊ ထွန်းဖောင်ဒေးရှင်း ဘဏ်ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံမှာနေသည့် ဖိလစ်ပိုင်နိုင်ငံသား မော်ဒယ် Sinon Lorescaတို့ ပူးပေါင်းကာ ပုဂံမြို့ ဟောင်း မင်းနန်သူကျေးရွာအနီး ဘုရားသုံးဆူမှ စတင်ကာလမ်းဘေးဝဲယာ ပလတ်စတစ်အမှိုက်များ၊ ကွင်းပြင် ကျယ်တွင်ပျံ့နှံ့နေသည့် ပလတ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများ၊ ကောက်ယူကာ စူဠာမဏိဘုရား အထိ အဖွဲ့နှစ်ဖွဲ့ခွဲကာ ပလတ်စတစ်အမှိုက်များ လိုက်လံ ကောက်ယူ ရှင်းလင်းခဲ့ကြောင်း ပုဂံပလတ်စတစ် ကမ်ပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောကြား သည်။
ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ စုပေါင်းအမှိုက်ကောက်ကုသိုလ်ယူသူများအား Royal-D Co.,Ltd မှသီးစုံဓာတ်ဆားဖျော်ရည်ဗူးများ၊ သရဖူဆေးဆိုင်မှ လက်အိပ်များ ပလတ်စတစ် ကမ်ပိန်းမှ ကောက်ညှင်းပေါင်း များဖြင့် အာဟာရဒါန ပြုခဲ့ကြောင်း သိရကာ စနေနေ့တိုင်း ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အား ပုဂံပလတ်စတစ် ကမ်းပိန်းအဖွဲ့မှ ဦးဆောင်ကာ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်ပလတ်စတစ် ကင်းစင်ရေး အပတ်စဉ် အမှိုက်ကောက်ကြကြောင်း သိရသည်။
ကိုထိန်၊KPD