ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း လောက်ကိုင်မြို့ ယာယီနယ်စပ်ဂိတ်ဖွင့်လှစ်မည့် နေရာသို့ကွင်းဆင်းစစ်ဆေး

လားရှိုး စက်တင်ဘာ၂၂

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်၊ ရန်လုံကြိုင်းတံတားသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းမှတစ်ဆင့် BP-125 အနီးရှိ နှစ်နိုင်ငံယာယီ နယ်စပ်ဂိတ်ဖွင့်လှစ်မည့်နေရာနှင့် Quarantine Center ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ငွေကျပ်သိန်း (၂၀) အား သွားရောက်လှူဒါန်းခဲ့သည်။ ယင်းနောက် ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိ ပရိပတ္တိ သီလရှင်ကျောင်းတိုက်သို့သွားရောက်ကာ အလှူငွေကျပ်(၅)သိန်းနှင့် လှူဖွယ်၀တ္ထုပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့သည်။ ၎င်းမှတစ်ဆင့် မိုးလုံလေလုံအားကစားခန်းမ Quarantine Center သို့သွားရောက်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိသော ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer အတွက် ငွေကျပ်သိန်း (၂၀) အား လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ Positive လူနာများအတွက် လိုအပ်သော ကျွေးမွေးစရိတ်၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအတွက် ငွေကျပ်သိန်း(၂၀)အား လည်းကောင်း သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသဦးစီးရုံး အစည်းအဝေးခန်းမတွင် ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားရာတွင် ‘နိုင်ငံတော်အတွက် ပညာရေးသည် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာပြီဖြစ်သဖြင့် အခြေခံကျောင်းများ အဆင်သင့်ပြင်ထားရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆေးရရှိမှုအလိုက် အပြည့်အ၀ အသုံးချ၍ လူတိုင်းထိုးနှံရန် လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒေသယဉ်ကျေးမှုအဖွဲ့များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြို့သာယာသန့်ရှင်းရေးကိုလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း’ မှာကြားခဲ့သည်။ ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လောက်ကိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (လောက်ကိုင်၊ ကုန်းကြမ်း) တို့အတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်းစီ စုစုပေါင်းငွေကျပ်သိန်း (၃၀)နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဒေသဦးစီးရုံး၊ ဇာတ်ရုံခန်းမတွင် လည်ပတ်လျက်ရှိသော Oxygen Plant စက်ရုံနေရာသို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်