ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ဆက်လက်ထိုးနှံပေးလျက်ရှိ

ရေး စက်တင်ဘာ ၂၂

မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယသုတ်ကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ် (၁၃)နေရာတွင် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်း၊ နာတာရှည်ရောဂါ အခံရှိသူများကို ဦးစားပေးထိုးနှံပေးခဲ့ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ အလုပ်သမားများ၊ ရေလုပ်သားများ စသည့် သတ်မှတ်အုပ်စုအလိုက်ကို ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ စက်တင်ဘာလ (၁၆)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ယမန်နေ့ထိ ပြည်သူ(၂၁၄၉၅)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများ အဆင်ပြေအေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှလည်း သွားရောက်စစ်‌ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

(ခင်သိမ့်သိမ့်ရည်၊ ရေးပြန်/ဆက်)