မော်လမြိုင် စက်တင်ဘာ ၂၂
မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ပြည်သူများအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ ယာဉ်မောင်းလိုင်စင်များ ဥပဒေအညီ ထုတ်ပေးရေး၊ မှတ်ပုံတင်ပေးခြင်း လုပ်ငန်းကို စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ One Stop Service စီမံချက်ဖြင့် ဆက်လက် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ One Stop Service ဖြင့် မှတ်ပုံတင်ခြင်းကို ဇူလိုင် ၇ ရက်နေ့မှ ၁၂ရက် နေ့အထိ ၄၂၈ စီးအား ပထမအကြိမ် ဆောင်ရွက်ပေးခဲ့ပြီး ယခုပြန်လည်ဆောင်ရွက်ရာတွင် မော်လမြိုင်ခရိုင် အတွင်းရှိ မြို့နယ်များက မော်လမြိုင်တွင် လည်းကောင်း၊ သထုံခရိုင်အတွင်းရှိ မြို့နယ်များအနေဖြင့် သထုံမြို့တွင် လည်းကောင်း ဆောင်ရွက်ပေးကာ စက်တင်ဘာ ၁၆ မှ ၁၇ ရက်နေ့ထိ ၃၂၃စီး ဆောင်ရွက်ပြီးဖြစ်၍ စုစုပေါင်း မော်လမြိုင်တွင် ၆၆၇ စီးနှင့် သထုံမြို့တွင် ၁၀ စီး ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
ယင်းသို့လုပ်ဆောင်ပေးရာတွင်လည်း ပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ် မှတ်ပုံတင် ဆောင်ရွက်သည့် အခါ ယူဆောင်ရမည့် အထောက်အထားများကို စနစ်တကျ သတ်မှတ်ကြေညာပေး ခြင်း၊ ကိုဗစ်-၁၉ကာလ ဖြစ်သည့်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်ခြင်း လုပ်ငန်းတွင် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားမှုဖြင့် တစ်နေ့လျှင် ရုံးတွင်းဝင်ဆံ့ အင်အားပေါ်မူတည်၍ ယာဉ်စီးရေ ၁၇၀ စီး ဆောင်ရွက်ပေးသည်။
မှတ်ပုံတင်ခြင်း လုပ်ငန်းတွင် ပထမအဆင့် ယာဉ်ခဲခြစ်ခြင်း၊ မှတ်တမ်းစစ်ခြင်း၊ ယာဉ်နံပါတ်ပေးခြင်း၊ ယာဉ်စစ်ဆေးခြင်းများ အဆင့်ဆင့်ကို နေ့ချင်းပြီး ဆောင်ရွက်ပေးကာ ဌာနအလိုက် သတ်မှတ်ထားသော အကောက်ခွန်နှုန်းထားများ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)