မူဆယ်မြို့၌ သားအိမ်ခေါင်းကင်ဆာ(အကြို)အဆင့်ကုသနိုင်ရန်အတွက် သိန်းပေါင်း(၁၀၀) နီးပါး ရှိသည့် စက်ပစ္စည်းနှင့်ဆေးပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်း

မူဆယ် ဩဂုတ်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျလာ ရန်နှင့် သားအိမ်ခေါင်းကင်ဆာကုသနိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာ (အကြို) အဆင့် ကုသနိုင်ရန် သိန်းပေါင်း (၁၀၀)နီးပါးရှိသည့် စက်ပစ္စည်းများနှင့် ဆေးပစ္စည်းကိရိယာများကို  ယမန်နေ့ မွန်းလွဲ(၃)နာရီ(ခွဲ)အချိန်က မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံသစ်၌ ပေးအပ်လှူဒါန်းသည်။

“သားအိမ်ခေါင်းကင်ဆာ(အကြို)စမ်းသပ်မှုက အလုံးအရင်းပြုလုပ်နိုင်ဖို့ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်၊ မူဆယ်မြို့ဟာ နယ်စပ်ဒေသလည်းဖြစ်တဲ့အတွက် သားအိမ်ခေါင်း ကင်ဆာ (အကြို) စမ်းသပ်တဲ့စက်တွေ ဆေးရုံတွေမှာ ထားရှိနိုင်မယ်ဆိုရင် အမျိုးသမီးတွေ အတွက် အင်မတန်အသုံးဝင်မှာဖြစ်တဲ့အတွက် မူဆယ်ခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နဲ့ ပူးပေါင်းကြိုးစားမှု ကြောင့် အခု စက်ပစ္စည်းနဲ့ ဆေးပစ္စည်းတွေကို လှူဒါန်းနိုင်ခြင်းလည်းဖြစ်ပါတယ်၊  မူဆယ်မြို့မှာ အခုလို စမ်းသပ်တဲ့စက်တွေရှိနေပြီဖြစ်တဲ့အတွက် သားအိမ်ခေါင်း ကင်ဆာ(အကြို) စမ်းသပ်မှု တွေကို ဖြည်းဖြည်းချင်း စမ်းသပ်ကုသနိုင်မယ်ဆိုရင် မူဆယ်ခရိုင်နဲ့ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ သားအိမ်ခေါင်းကင်ဆာတွေကို ကြိုတင်ကာကွယ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့် မူဆယ်ခရိုင်နဲ့ အနီးအနားမှာရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ မူဆယ်မြို့၊ ပြည်သူ့ ဆေးရုံမှာ လာရောက်စမ်းသပ်စေချင်ပါတယ်”လို့ ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းရွှေမြင့်က ပြောသည်။

သာအိမ်ခေါင်းကင်ဆာသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာအမျိုးသမီးများတွင် နှစ်စဉ် (၅၂၈၆)ဦး ဖြစ်ပွား၍ (၂၉၀၀)ကျော်သေဆုံးသည်ဟုခန့်မှန်းရပြီး ဒုတိယအဖြစ်အများဆုံးနှင့် အသေအပျောက် အများဆုံး ကင်ဆာ ဖြစ်သည်။ မူဆယ်မြို့၊ ပြည်သူ့ဆေးရုံ၌ သားအိမ်ခေါင်းကင်ဆာ(အကြို)အဆင့်ကို (အခမဲ့)စမ်းသပ် စစ်ဆေးနိုင်ပြီဖြစ်ပြီး အမျိုးသမီးများကို အဆက်ဆက် (အခမဲ့) စမ်းသပ်ကုသနိုင်ရန်အတွက် အခြားလိုအပ်ချက် များလည်းရှိနေသေးသည့်အတွက် အလှူရှင်များ အနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်လှူဒါန်းနိုင်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်က စက်ပစ္စည်း ကိရိယာများ ပေးအပ်လှူဒါန်းခြင်း အကြောင်းနှင့် မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ဖြစ်ပွားသည့် သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အလှူရှင်မိသားစုမှ မူဆယ်မြို့၊ ဆေးရုံအုပ်ကြီးထံသို့ သားအိမ်ခေါင်း ကင်ဆာ (အကြို) အဆင့် ကုသစက်နှင့် ဆေးပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကမှ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီး ပြန်လည်ပေးအပ်သည်။

ထို့နောက် ဆေးရုံအုပ်ကြီးက လှူဒါန်းမှုအပေါ်ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ မူဆယ်ခရိုင်၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်မိုးသူတင့်နှင့်အဖွဲ့ဝင်များ၊ မူဆယ်ခရိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်နှင့် ဌာနဆိုင်ရာ များတက်ရောက်ကြသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)