မိုင်းယောင်း ဩဂုတ် ၁၆
၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းက အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အထွေထွေရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရေး၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်းနှင့် ကြေညာပေးခြင်း၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီတွင် ပါတီကိုယ်စားပြု ပါဝင်မည့်ပုဂ္ဂိုလ်၏ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံသို့ ပေးအပ်ကြသည်။
အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်း မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ရှစ်ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း