ချီဖွေ စက်တင်ဘာလ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ခုနှစ်ခုတွင် ငါးခုမှာ ၁၀၀(ရာခိုင်နှုန်း) ပြီးစီးထားပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်ကြောင်းနှင့် ချီဖွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ရုံးအဆောက်အဦအသစ်သည် ၂၀၂၀-၂၀၂၁ဘဏ္ဍရေးနှစ်၊ ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၃၂) သန်းဖြင့် အလျား ၃၀ပေ၊ အနံ၂၀ပေ၊ အမြင့် ၁၂ပေရှိ (Steel Structure) တစ်ထပ် အဆောက်အဦဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အရှည် ၅၀၀ပေ၊ အကျယ် ၁၄ပေ၊ အမြင့် ၈လက်မရှိ ချီဖွေမြို့ မေခလမ်း ကွန်ကရစ် ခင်းခြင်း၊ အလားတူ အရှည် ၁၄၀ပေ၊ အကျယ်၁၀ပေ၊ အမြင့် ၈လက်မရှိ ချီဖွေမြို့ အ.ထက ကျောင်းသွားလမ်း ကွန်ကရစ်ခင်းခြင်း၊ အရှည် ၂၅၀၀ပေ အကျယ် ၁၄ပေ၊ အမြင့် ၈လက်မရှိ ချီဖွေမြို့သုဿန်သွား မြေသားလမ်း တိုးချဲ့ခြင်း၊ ကျောက်ချောခင်းခြင်း လုပ်ငန်းအား လည်းကောင်း၊ အချင်း ၃ပေ၊ အရှည်ပြွန် ၁၈ပေရှိ ကွန်ကရစ်ရေပြွန်တံတား(၅)စင်း နှင့် အချင်း၃ ပေ အရှည်ပြွန် ၂၁ပေရှိ ကွန်ကရစ်ရေပြွန် တံတား(၃)စင်း တည်ဆောက်ခြင်း လုပ်ငန်းများ လည်းကောင်း၊ ဆက်လက်၍ အရှည် ၄၇၀ပေ၊ အကျယ် ၁၄ပေ၊ အမြင့်၈လက်မရှိ ချီဖွေမြို့ စွယ်တော်လမ်း ကွန်ကရစ်ခင်းခြင်းစသည့် အသီးသီးသော လုပ်ငန်းတို့မှာ ၁၀၀ (ရာခိုင်နှုန်း) ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် လက်ရှိအချိန်တွင် ဆောင်ရွက်နေဆဲဖြစ်သည့် အရှည် ၂၄၀၀ ပေ၊ အကျယ် ၁၄ပေ၊ အမြင့် ၈လက်မရှိ ချီဖွေမြို့ လမုတ်ဒူဝါလမ်း ကွန်ကရစ်ခင်းခြင်း၊ အရှည် ၇၂၀ပေ၊ အကျယ် ၁၄ပေ၊ အမြင့် ၈လက်မရှိ ချီဖွေမြို့ဒန်းဂေါ့လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ အချင်း ၃ပေ၊ အရှည်ပြွန် ၁၈ပေရှိ ကွန်ကရစ်ရေပြွန် တံတား(၃)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အချင်း ၂ပေ၊ အရှည်ပြွန် ၁၈ပေရှိ ကွန်ကရစ်ရေပြွန်တံတား(၂)စင်း တည်ဆောက်ခြင်း လုပ်ငန်း အသီးသီးတို့မှာ ၈၀(ရာခိုင်နှုန်းခန့်) ပြီးစီးပြီးဖြစ်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ရာနှုန်းပြည့်ပြီးစီး နိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဇောင်းရယ်ထံမှ သိရသည်။