မိုင်းပျဉ်း ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့၌ ၂၃၀kvဓါတ်အားခွဲရုံနှင့် ၆၆ kvဓါတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက ၂၃၀kv ဓါတ်အားခွဲရုံ ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊အဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဦးသက်ပိုင်မျိုးက ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံ စီမံကိန်းဆောင်ရွက်မှု အခြေအနများကိုရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့မိမြို့ဖဦးစိုင်းနော်ရှဲန်က ဒေသခံ ပြည်သူများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှု ဝန်ကြီးဦးစိုင်းရှဲန်တစ်လုံနှင့် တာဝန်ရှိသူများ က မိုင်းပျဉ်းပင်ပဓါတ်အားခွဲရုံအပေါ်ထပ် ရှုရပ်နေရာမှ ပင်ပဓါတ်အားခွဲရုံး၏ Switch Yard အားကြည့်ရှုသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာဦးသက်ပိုင်မျိုးနှင့်၂၃၀ kv ဓါတ်အားခွဲရုံမှူး ဦးဇော်မြင့်ထွန်းတို့က မိုင်းပျဉ်း ပင်ပဓါတ်အားခွဲရုံ ၂၃၀kv နှင့်၆၆ kv ဓါတ်အားခွဲရုံတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းကျောက်စာတိုင်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့ကြသည်။
အခမ်းအနားသို့ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ပိုင်မျိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဓါတ်အားခွဲရုံများမှ မြို့ပေါ်ရပ်ကွက်(၃)ခုနှင့်ကျေးရွာ(၂၂) ရွာတို့အား၂၄နာရီ လျှပ်စစ်မီးရရှိမှာဖြစ်ပြီး ဇွန်လ ၇ရက်နေ့ နေ့လယ် ၁နာရီမှ စတင်ပြီး၂၄နာရီ မီးစတင်ထုတ်လွှတ်ပေးခဲ့ရာ ယခုအခါ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာ(၅)ရွာ၌လျှပ်စစ်မီး ရရှိနေပြီး ကျန်ရှိသေးသော ကျေးရွာ(၁၇)သို့လည်း ဩဂုတ်လကုန်၌ လျှပ်စစ်မီး ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း၊ နောက်လာမည့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း၌ လည်း ကျေးရွာ(၁၀)ရွာသို့ လျှပ်စစ်မီးထုတ်လွှတ်နိုင်ရေး လျာထားဆောင်ရွက်ထားကြောင်း သိရသည်။
မေမွန်ထွဋ်၊ ပြန်ဆက်