မိုးမိတ်မြို့နယ်သို့ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အိုးအလုံးရေ ၄၀ ထုတ်လုပ်ပေးနိုင်မည့် အောက်ဆီဂျင်စက်ရောက်ရှိ

မိုးမိတ်   စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ထားရှိသည့် နေရာသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်၏ တန်ဖိုးမှာ ငွေကျပ်သိန်း ၇၅၀ ခန့်ရှိပြီး တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး လေးလုံးထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် ၁၀ နာရီ မောင်းနှင်၍ လီတာ ၄၀ ဆံ့ အိုး အလုံး ၄၀ ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု  မြို့နယ်ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာမြင့်ဇော်က ပြောကြားသည်။

မိုးမိတ်မြို့နယ်အနေဖြင့် အောက်ဆီဂျင်စက်မှာ စက်တင်ဘာလကုန်လောက်မှ စတင်လည်ပတ်၍ ထုတ်လုပ်နိုင်မည် ဖြစ်ကာ စက်ရုံလည်ပတ်နိုင်ပါက အခြားမြို့နယ်များသို့ အောက်ဆီဂျင် သွားရောက်ယူရခြင်းမှ လွတ်ကင်းကာ မြို့နယ်အတွင်းမှာပဲ အလွယ်တကူ ရရှိမှာဖြစ်ကြောင်းနှင့် အောက်ဆီဂျင်လိုအပ်နေသော လူနာများအပြင် အခြားမြို့နယ်များမှ လူနာများအတွက်လည်း ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မိုးမိတ်သား(ခရိုင်ပြန်/ဆက်)