မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၃၅ ရွာမှ ဒေသခံတောင်သူများ မိတ္ထီလာကန်ရေသောက်စနစ်ဖြင့် မိုးစပါးများ စတင်စိုက်ပျိုး

မိတ္ထီလာ၊ စက်တင်ဘာ ၂၁

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၂)စုရှိ ကျေးရွာ  ၃၅ ရွာမှ ဒေသခံတောင်သူများ မိတ္ထီလာကန်ရေ သောက်စနစ်ဖြင့် မိုးစပါးများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိုးစပါးကို ဆည်ရေ ၊ ကန်ရေများဖြင့် စိုက်ပျိုး ကြသော်လည်း ဆည်၊ ကန်များ အလှမ်းဝေးသည့် ကျေးရွာများမှာ မိုးကောင်းရေသောက်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ ဆည်ရေ၊ ကန်ရေစနစ်ဖြင့် စိုက်ပျိုး ရာတွင် မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်း၊ ရှမ်းတဲ၊ လျော်ဖြူကန်၊ မကျီးစု၊ ကဖြူ၊ ကျောင်းရွာ၊ ညောင်ကန်၊ တောမ၊ ထမုန်ကန်၊ ညောင်ကိုင်း၊ ပျဉ်သာ၊ ရုံးတောကြီးကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာ(၃၅)ရွာမှ ဒေသခံတောင်သူများမှာ မိုးစပါးကို မိတ္ထီလာကန် ရေသောက်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ မိုးစပါးများကို စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးသည့် စနစ်၊ တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်များဖြင့် စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့စိုက်ပျိုးရာတွင်လည်း   အထွက်နှုန်းကောင်းသည့် မနောသုခ မျိုးစပါးများကိုအဓိက ရွေးချယ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဒေသခံတောင်သူများ မိတ္ထီလာကန်ရေသောက်စနစ်ဖြင့် မိုးစပါး များစိုက်ပျိုးနိုင်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေကို သြဂုတ်လ ၂၀ ရက်နေ့မှ  စတင်၍  လွှတ်ပေးလျက်ရှိ သည်။

           

မိတ္ထီလာကန်ရေသောက်စနစ်ဖြင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂)စုရှိ ကျေးရွာ(၃၅)ရွာ မှ ဒေသခံတောင်သူများက နှစ်စဉ် မိုးစပါးနှင့် နွေစပါးတို့ကို စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့စိုက်ပျိုးရာမှ ယခင်နှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါး သည့်အတွက် မိတ္ထီလာကန်အတွင်းသို့ ရေဝင်ရောက်မှုနည်းပါး သည့်အတွက် မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုများ၍ မိတ္ထီလာကန်အတွင်း ရေဝင်ရောက်မှုများသည့်အတွက် မိတ္ထိလာကန်​ရေသောက်စနစ်ဖြင့်  မိုးစပါးများကို စက်တင်ဘာလ ၁ ရက် နေ့မှ စတင်၍ စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ စိုက်ပျိုးဧက ၁၂၁၀  ထိ စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

  

သိန်းမြင့်ကျော်(မိတ္ထီလာ)