ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးရန် ကျန်ရှိနေသေးသည့်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် နှစ်နေရာခွဲ၍ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံ ပေးလျက်ရှိရာ မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ (၈၉၇၇) ဦးထိရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် အတွင်းရှိ လူမှုကူညီရေး ပရဟိတ အသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ၂၀၂၁-ခုနှစ် ဩဂုတ်လ (၂)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး ၂၀၂၁-ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့ အထိ တာမွေမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား ( ၄၈၈၄ )ဦးကိုလည်းကောင်း၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း (၁၃၅၇) ဦးကိုလည်းကောင်း၊ ပရဟိတ အသင်းဝင် (၁၀၂၄)ဦး ကိုလည်းကောင်း၊ ဘုန်းတော်ကြီး ကျောင်း/ သီလရှင်ကျောင်းနှင့် ဘာသာရေးကျောင်းများမှ (၃၆၂)ဦးကို လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း (၁၁၀၈)ဦးကို လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၂၀၉)ဦးကိုလည်းကောင်း၊ ဟိုတယ်/မိုတယ်နှင့် တည်းခိုခန်းများမှ ဝန်ထမ်း (၁၆)ဦးကိုလည်းကောင်း၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းမှ ဝန်ထမ်း(၁၇)ဦးကို လည်းကောင်း အကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယခုအခါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် သူများ အား ၂၀၂၁-ခုနှစ် စက်တင်ဘာလ (၂၀)ရက်မှ(၂၄)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်